ရွှေကလောင်ဆုရှင် ကြွေလွင့်ခြင်း











၂ဝ.၁ဝ.၂ဝ၁၃ (တနင်္ဂနွေနေ့) နံနက် (၁ဝးဝဝ) နာရီအချိန်တွင် ရေဝေးသုဿန်ရှိ ခန်းမဆောင် (၁/က)တွင် ဂါးဒီးယန်း ဦးစိန်ဝင်း အသက် (၉၂) နှစ်၏ ဈာပနအခမ်းအနားအား နာရေးကူညီမှု အသင်း(ရန်ကုန်)၏ အစီအစဉ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည်။
ဆရာကြီး ဦးစိန်ဝင်းသည် ၁၇.၁ဝ.၂ဝ၁၃ (ကြာသပတေးနေ့) မွန်းလွဲ (၂း၁၅) နာရီအချိန်တွင် မဟာမြိုင်ဆေးခန်းတွင် ကွယ်လွန်သွားခဲ့ပြီး နာရေးကူညီမှု အသင်း(ရန်ကုန်)မှ သွားရောက်၍ ဆရာကြီး၏ သက်မဲ့ရုပ်ခန္ဓာအား ရေဝေးသုဿန် အအေးခန်းသို့ သယ်ယူပို့ဆောင် ကူညီပေးခဲ့သည်။
သတင်းစာဆရာကြီး ဂါးဒီးယန်း ဦးစိန်ဝင်းသည် ၁၉၄၂ ခုနှစ် ကတည်းက သတင်းစာဆရာအဖြစ် ရပ်တည်ခဲ့ပြီး ဂျပန်ခေတ်၊ ကိုလိုနီခေတ်၊ ပါလီမန်ဒီမိုကရေစီခေတ်မှစ၍ စစ်အစိုးရ ခေတ်အဆက်ဆက်အား ဖြတ်သန်းခဲ့ပြီး ၁၉၅၈ ခုနှစ်တွင် Guardian (ဂါးဒီးယန်း) သတင်းစာတိုက်အား ထူထောင်၍ အယ်ဒီတာချုပ်အဖြစ် လုပ်ကိုင်ခဲ့သည်။ ၁၉၆၃ ခုနှစ်တွင် ပြင်သစ်နိုင်ငံ၊ ပါရီမြို့အခြေစိုက် အပြည်ပြည်ဆိုင်ရာ သတင်းစာထုတ်ဝေသူများအဖွဲ့မှ ဆရာကြီး ဦးစိန်ဝင်းအား သတင်းစာလွတ်လပ်ခွင့် ကြိုးပမ်းသူအဖြစ် ရွှေကလောင်ဆု ချီးမြှင့်ခဲ့ရာ မြန်မာ့သတင်းစာလောက၏ ပထမဆုံး ကမ္ဘာရွှေကလောင်ဆုရှင် ဖြစ်ခဲ့သည်။ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ အတွင်းရေးမှူး (၁၉၆၂-၆၃) အဖြစ် မြန်မာသတင်းစာ တာဝန်ကျေပွန်ခဲ့သူ တစ်ဦးဖြစ်သည်။ ဆရာကြီး၏ ဂါးဒီးယန်းသတင်းစာသည် ၁၉၆၂ ခုနှစ် စစ်အာဏာရှင် ဦးနေဝင်း အာဏာသိမ်းယူပြီးသည့်နောက် တခြားပုဂ္ဂလိက သတင်းစာများနည်းတူ ပိတ်ပင်ခံရပြီး ဗိုလ်ချုပ်ကြီးနေဝင်း အစိုးရလက်ထက်တွင် နိုင်ငံတော်အကြည်ညို ပျက်စေမှုပုဒ်မဖြင့် ထောင်ဒဏ် (၃) နှစ်ကျော် ချမှတ်ခံခဲ့ရသည်။
ထို့ကြောင့် နာရေးကူညီမှု အသင်း(ရန်ကုန်)ရှိ ဝန်ထမ်းများ၊ အသင်းသား/သူများတို့သည် ဆရာကြီး ဂါးဒီးယန်း ဦးစိန်ဝင်း အသက် (၉၂) နှစ်၏ ဈာပနအခမ်းအနားအား နာရေးကူညီမှု အသင်း(ရန်ကုန်)မှ စီစဉ် ဆောင်ရွက်ကူညီပေးခဲ့ပြီး ဆရာကြီး ဦးစိန်ဝင်းအား လေးစားချစ်ခင်ကြသော စာနယ်ဇင်းသမားများနှင့် မီဒီယာသမားများ အစရှိသည့် နယ်ပယ်အသီးသီးမှ လုပ်ဖော်ကိုင်ဖက်များ၊ မိသားစုဝင်များဖြင့် စည်ကားသိုက်မြိုက် အောင်မြင်စွာ ကျင်းပနိုင်ခဲ့သော်လည်း သတင်းစာလောကအတွက် စံနမူနာထားရသည့် ပုဂ္ဂိုလ်တစ်ဦး ဆုံးရှုံးခဲ့ရခြင်းသည် မိသားစုနှင့် ထပ်တူထပ်မျှ နှမြောတသ ယူကျုံးမရ ဝမ်းနည်းကြေကွဲစွာ ခံစားရပါတော့သည်။
(သတင်းစာဆရာကြီး ဂါးဒီးယန်း ဦးစိန်ဝင်း ကောင်းရာသုဂတိလားပါစေ။)